top of page
Search

ကိုယ်ပိုင်အလုပ်လုပ်ဖို့အတွက် ရှိသင့်တဲ့အချက် (၅)ချက်။

👔 အခုနောက်ပိုင်း ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေများတယ်။ ဘာလို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တာလဲဆိုတာမေးတော့ အများစုက ဝန်ထမ်းမလုပ်ချင်ကြတော့လို့။ အဲဒီအကြောင်းပြချက်နဲ့ပဲဆိုရင်တော့ အဆင်မပြေဘူး။ သိပ်ပြီးအောင်မြင်ဖို့လည်း မဖြစ်နိုင်ဘူး။ ကျွန်တော့်အမြင်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်လုပ်ဖို့ စိတ်ကူးနေသူတွေမှာ အခြေခံ အချက် (၅)ချက်တော့ရှိသင့်တယ်။ BID PI လို့မှတ်ရင်ကောင်းမယ်။


၁။ ယုံကြည်ချက် (Belief) ☑️

လက်ရှိကမ္ဘာပေါ်မှာ၊ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေကို သတိထားကြည့်ရင် သူတို့ဆီမှာ ယုံကြည်မှုရှိတယ်။ သူတို့ ယုံကြည်တဲ့အရာကို ဈေးကွက်တင်ပို့တယ်။ သူတို့အိပ်မက်တွေကို အသက်သွင်းကြတယ်။ အဲဒီယုံကြည်ချက်ကမှ အောင်မြင်စေတာ။ မနက်ခင်းတိုင်းနိုးထစေတာ။ ကိုယ်ဟာ လုပ်ငန်းတစ်ခုကို လုပ်ကိုင်မယ်လို့ စိတ်ကူးတဲ့အခါ ဒီလုပ်ငန်းလုပ်ဖို့အတွက်ဘာကြောင့် ယုံကြည်ချက်ရှိတာလဲ။ ဒီလုပ်ငန်းက လူတွေကို ဘယ်လိုကောင်းကျိုးပြုစေမယ်လို့ ယုံကြည်တာလဲဆိုတာကို သေချာ ဆန်းစစ်ကြည့်သင့်တယ်။ လူတစ်ယောက်က သူကိုယ်တိုင်မယုံကြည်တဲ့အရာတစ်ခုကို သူများလက်ခံလာနိုင်အောင် ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ပထမဆုံးရှိသင့်တာက ဒီလုပ်ငန်းလုပ်ရခြင်းရဲ့ ကိုယ့်ရဲ့ မမှိတ်မသုန်ယုံကြည်ချက်ပါ။


၂။ စိတ်အားတက်ကြွစေမှု (Inspiration) ☑️

ဒီအလုပ်လုပ်ဖို့ ကိုယ့်ကို စိတ်အားတက်ကြွစေတဲ့အရာတွေက ဘာတွေလဲ။ ဒီအချက်က ပထမအချက်ဖြစ်တဲ့ ယုံကြည်ချက်ကနေဖြစ်တည်လာပြီး ဆက်လက်ကြိုးစားအားထုတ်သွားဖို့အတွက် အားအင်တွေပေးတယ်။ လူတွေကို ကူညီပေးရတာက အားအင်တွေဖြစ်လာစေတာလား။ ဒီနယ်ပယ်မှာရှိတဲ့ လူပုဂ္ဂိုလ်တွေက ကိုယ့်ကိုစိတ်အားတက်ကြွစေတာလား။ ကိုယ့်ရဲ့ လွတ်လပ်စွာကိုင်တွယ်ဆုံးဖြတ်နိုင်မှုက ကိုယ့်ကိုစိတ်တက်ကြစေတာလား။ အဲဒီလိုမျိုး ကိုယ့်ကိုအားအင်ဖြစ်ပေါ်စေတဲ့အရာတွေ၊ ဒီအလုပ်လုပ်ဖို့ တွန်းအားပေးတဲ့အရာတွေ၊ မနက်ခင်းတိုင်း နိုးထစေတဲ့အရာတွေကို သေချာဆန်းစစ်ကြည့်ပါ။ အဲဒီလိုတွန်းအားမျိုးရော ဒီအလုပ်မှာရှိလား။


၃။ စည်းကမ်းရှိမှု (Discipline) ☑️

ပြဿနာက ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်သွားမယ်ဆိုရင် နေချင်သလိုနေ၊ ထိုင်ချင်သလိုထိုင်ပြီး ကိုယ်လုပ်ချင်တာလုပ်လို့ရမယ်လို့ ထင်တဲ့အထင်အမြင်မှားပဲ။ စည်းတွေဘောင်တွေနဲ့မရှိတော့ဘူးဆိုတာမှန်ပေမယ့် ကိုယ့်ကိုကိုယ် စည်းကမ်းတကျမထိန်းကျောင်းနိုင်ရင် ကိုယ်ပိုင်လုပ်ငန်းလုပ်တာမဟုတ်ဘဲ အလုပ်ထွက်ပြီး ထိုင်စားနေတာနဲ့တူမှာပဲ။ အောင်မြင်ခဲ့တဲ့သူတွေကိုကြည့်ရင် ကိုယ်ပိုင်အလုပ်ဆိုပေမယ့် အပတ်တကုတ်နဲ့ စည်းကမ်းတကျကြိုးစားခဲ့လို့သာ ဖြစ်ခဲ့တာတွေချည်းပဲ။ ကိုယ်ပိုင်အလုပ်လုပ်ရင် အချိန်တွေသိပ်ပိုထွက်လာမယ်လို့တွေးတာမှားပါတယ်။ ဝန်ထမ်းကမှ ၁၀နာရီအလွန်ဆုံးအလုပ်လုပ်ရသေးတယ်။ ကိုယ်တိုင်လည်းလုပ်ရော အဲဒီထက်တောင်ပိုပြီး ကြိုးစားရပါဦးမယ်။


၄။ ခေါင်းမာမှု (Persistence) ☑️

ကိုယ်ပိုင်စီးပွားရေးနဲ့အောင်မြင်နေတဲ့သူတွေကိုကြည့်တဲ့အခါ သူတို့ဒီနေရာထိရောက်အောင်ဘယ်လောက်ရုန်းကန်ခဲ့ရလဲဆိုတာကို လူတွေမျက်စိလျှမ်းတတ်ကြတယ်။ ဘယ်လောက်တောင်ကျရံှုးခဲ့ရလဲ။ ဘယ်လောက်တောင် အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာကို သတိမထားမိကြဘူး။ အောင်မြင်ဖို့အတွက် ခေါင်းမာမှဖြစ်မယ်။ ဘယ်လိုအခက်အခဲနဲ့မဆိုကြုံတွေ့လာတိုင်း ဘယ်လိုကျရံှုးမှုမျိုးနဲ့မဆိုကြုံတွေ့လာတိုင်း ငါပြန်ထမယ်၊ ငါရောက်အောင်သွားမယ်ဆိုတဲ့ ခေါင်းမာမှုတော့ရှိမှဖြစ်မယ်။ မဟုတ်ရင်တော့ ကျရံှုးတာနဲ့ နဂိုနေရာပြန်ရောက်သွားမှာပဲ။ ဂျက်မ (Jack Ma) ပြောတဲ့စကားရှိတယ်။ မင်းအောင်မြင်ပြီးရင်တော့ မင်းကျရံှုးတုန်းက အကြောင်းအရာတွေက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောစရာတွေဖြစ်နေလိမ့်မယ်။ ဒါပေမယ့် မင်းကျရံှုးနေတုန်း ရပ်တန့်လိုက်ရင်တော့ အရံှုးသမားတစ်ယောက်အနေနဲ့ပဲ လူတွေသိကြလိမ့်မယ်တဲ့။


၅။ ဥပေက္ခာ (Ignorance) ☑️

ကြိုးစားနေတဲ့အချိန်နဲ့ အောင်မြင်မှုအကြားမှာ ထားသင့်တာကတော့ ဥပေက္ခာပဲ။ ဒီကောင်တော့ အလုပ်ပြုတ်တာ စုတ်ပြတ်နေတာပဲ။ အရင်အလုပ်ပဲပြန်လုပ်ပါလား။ မလုပ်တာကမှကောင်းဦးမယ်။ လူ့အောက်ကျနေရတာ ရှက်စရာကြီး စသဖြင့်ပေါ့။ ကိုယ်ဘာလိုချင်တာလဲ။ ကိုယ့်အိပ်မက်က ဘာလဲဆိုတာကိုသာ ခေါင်းထဲထည့်ထားပါ။ ကျန်တဲ့အရာတွေမှန်သမျှက အရေးမပါဘူး။ ဘယ်သူတွေဘာပြောပြော အရေးမပါဘူး။ ဘယ်လိုအမူအရာတွေပဲလုပ်လုပ် အရေးမပါဘူး။


📊 Don’t sell your product. Sell your dream, sell your belief.


20 views0 comments
bottom of page