top of page
Search

**စာမေးပွဲဖြေမယ့် ကလေးကို ဘယ်လို ဂရုစိုက်ပေးရမလဲ**

📚 အခုဆိုရင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုနေကြပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ ဘဝအတွက် အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုဖြစ်တာမို့ မိဘများလည်း စိတ်ပူပန်နေကြမှာပါ။ ဖြေဆိုမယ့်ကလေးတွေရဲ့စိတ်ဖိစီးမှုကတော့ ပိုသိသာတာပေါ့။ "ငါစာတွေတကယ်ရရဲ့လား၊ ဘာများကျန်နေသေးလဲမသိဘူး၊ ငါထပ်ရောကျက်နိုင်ပါတော့မလား၊ အချိန်ကသိပ်မကျန်တော့ဘူး၊ စာတွေမှတ်မိပါ့မလား" စတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်ရင်း ခေါင်းပိုရှုပ်နေရတတ်ပါတယ်။ 😩😩😩


📖 ဒီလိုစာမေးပွဲကာလမှာ အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ကလေးတွေကို ကူညီဂရုစိုက်ပေးနိုင်တာက မိဘတွေရဲ့လက်ထဲမှာပါပဲ။ 👪👪👪


⚠️ ကလေးမှာ စိတ်ဖိစီးနေတဲ့လက္ခဏာတွေရှိလာသလား စောင့်ကြည့်ပါ


💯 ကလေးက အရမ်းစိတ်ပူပန်နေမယ်၊ ထိလွယ်ရှလွယ် စိတ်ခံစားချက်ပြင်းထန်နေမယ်၊ ခေါင်းကိုက်တာ ဗိုက်အောင့်တာတွေဖြစ်လာတယ်၊စိတ်ဆတ်လာတယ်၊ ကောင်းကောင်းအိပ်မပျော်ဘူး၊ အစားစားဖို့သိပ်စိတ်မပါတော့ဘူး၊စိတ်အလိုမကျတဲ့ပုံဖြစ်လာတယ် စတဲ့စိတ်ဖိစီးမှု လက္ခဏာတွေရှိလာနိုင်ပါတယ်။ မိဘတွေအနေနဲ့သတိထားမိတဲ့အခါ ကလေးကို ပိုဂရုစိုက်ပေးရပါမယ်။ စိတ်ဖိစီးမှုများလာရင်အမှားများလာမယ်။ ဒီတော့ စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင် ဖိအားနည်းအောင် လုပ်ပေးသင့်ပါတယ်။


🍚 အစားရောမှန်ရဲ့လား


💯 စာမေးပွဲကာလမှာ ညီညွတ်မျှတတဲ့အစာအာဟာရက ကလေးရဲ့ကျန်းမာရေးအတွက် အဓိကအရေးပါနေပါတယ်။ တော်တော်များများက မထတမ်းစာကျက်ရင်း စားဖို့သောက်ဖို့အချိန်လွန်သွားတတ်ပါတယ်။ ဦးနှောက်ဆိုတာ အစာလိုအပ်ဆုံးအစိတ်အပိုင်းဖြစ်လို့ အစာမရှိရင် အလုပ်လုပ်နိုင်ဖို့ နှေးကွေးသွားပါလိမ့်မယ်။ ဒါ့ကြောင့်ကလေးတွေကို အစာမှန်မှန်စားဖြစ်ဖို့၊ လုံလောက်တဲ့ပမာဏတော့ ဝင်အောင်စားဖို့ သတိပေး ဂရုစိုက်ရပါမယ်။


❌ တချို့မိဘတွေက ကလေးတွေ အာရုံလန်းဆန်းစေဖို့ဆိုပြီး အချိုများတဲ့၊ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေ၊သရေစာတွေ(ဥပမာ ကိတ်မုန့်၊သကြားလုံး၊ကော်ဖီ၊ချောကလက်) ပြင်ဆင်ပေးထားတတ်ပါတယ်။ ဒါတွေက များလွန်းရင်မကောင်းပါဘူး။ စာကျက်ရင်းစားလို့ရမယ့် ကျန်းမာရေးနဲ့ညီတဲ့ သရေစာလေးတွေပြင်ဆင်ပေးသင့်ပါတယ်။


👪 မိဘ​တွေလည်​း စိတ်​​အေး​အေးထားပါ။


မိဘတွေက စိုးရိမ်ပူပန်နေပြီဆိုရင် ကလေးက စိတ်ဖိစီးမှုပိုရပြီး စာကျက်ရာမှာ ဝန်ပိုပိစေနိုင်ပါတယ်။ စာမေးပွဲနဲ့ပတ်သက်ပြီး ကိုယ့်တုန်းက တွေ့ကြုံခံရတဲ့ခံစားချက်တွေကို မိဘတွေလည်း မှတ်မိကြမှာဖြစ်လို့ သင်ခန်းစာယူပါ။ ကလေးတွေအတွက် တွန်းအား၊ဖိအားမဖြစ်စေဘဲ နွေးနွေးထွေးထွေးအားပေးနိုင်ဖို့ကြိုးစားပါ။


💤 အိပ်ရေးဝရဲ့လား


အိပ်ရေးဝဝအိပ်စက်ခြင်းက တွေးခေါ်နိုင်စွမ်းနဲ့အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ လူငယ်တွေဟာ တစ်ညကို ၈ နာရီတော့ ပြည့်ဝအောင်အိပ်စက်သင့်တာကြောင့် အိပ်ချိန်နည်းလွန်းရင်အဆင်မပြေပါဘူး။ ကျက်မှတ်ထားသမျှတွေ အကုန်မမှတ်မိတာ၊ နောက်တစ်နေ့မှာ ခေါင်းမကြည်တာတွေရှိနိုင်ပါတယ်။ စာကျက်ရင်း ညနက်သွားတဲ့ကလေးကို နောက်နေ့မှာ ဆက်တိုက်စာမကျက်ခိုင်းဘဲ ကြားချိန် နာရီဝက်-တစ်နာရီလောက် တရေးအိပ်ခိုင်းတာလည်း ဦးနှောက်မှတ်ဉာဏ်အတွက် ကောင်းပါတယ်။


နောက်တစ်နေ့စာမေးပွဲအတွက် တစ်ညလုံးနီးပါးစာထိုင်ကြည့်တာက ကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ မြင်းတစ်ကောင်ကို ရေမတိုက်ဘဲ ဆက်တိုက်ပြေးခိုင်းသလို ဦးနှောက်ကို အနားမပေးတာက အကျိုးမထူးဘဲ ခရီးမရောက်ဖြစ်တဲ့အပြင် ဆိုးကျိုးပါပိုလာနိုင်ပါတယ်။



🚫 ဖိအားသိပ်မပေးပါနဲ့


ကလေးတွေဟာ စာမေးပွဲအချိန်တိုင်းမှာ ခံစားရတဲ့စိတ်ဖိစီးမှုတွေထဲ မိသားစုရဲ့ဖိအားပေးမှုကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ကိုယ့်ကလေးရဲ့အခြေအနေကို လေ့လာပါ၊သူပြောတာနားထောင်ပေးပါ၊ အားပေးပါ၊ ပြစ်တင်ဝေဖန်တာမလုပ်မိဖို့သတိထားပါ။


💯 အောင်မြင်ဖို့ ဂုဏ်ထူးရဖို့ အရေးကြီးတယ်ဆိုပေမယ့် စိတ်ဖိစီိးမှုများပြီး ချွတ်ချော်မှုတွေဖြစ်ရင် ရည်မှန်းထားတဲ့ ရလဒ်တွေမရဘဲ ဆုံးရံှုးနစ်နာမှုတွေ ပိုများနိုင်တာမို့ မိဘများနဲ့ မိသားစုဝင်များက ဖိအားမပေးဘဲ အကောင်းဆုံး ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။👩‍🎓


စာမေးပွဲဖြေဆိုမယ့် ကျောင်းသား/သူများလည်း အကောင်းဆုံးဖြေဆိုနိုင်ကြပါစေ။❤️💚💙


8 views0 comments
bottom of page