top of page
Search

🎓🤷‍♀️ ဆယ်တန်းပြီးရင်ရော ဘာတွေဆက်လုပ်ကြမလဲ 🤷‍♀️🎓

📚 သိပ်မကြာခင်ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေထွက်လာတော့မယ်။ ဘဝလမ်းကြောင်းရဲ့ တစ်ဆစ်ချိုးဖြစ်တဲ့အတွက် မိဘတွေရော ကျောင်းသားကျောင်းသူတွေရော ရင်ခုန်စိတ်လှုပ်ရှားနေကြမှာပဲ။ ဆယ်တန်းအောင်စာရင်းအတွက် ရင်ခုန်ရသလို အောင်စာရင်းထွက်အပြီး ဘာတွေဆက်လုပ်ကြမလဲဆိုတဲ့ အိပ်မက်တွေအတွက်လည်း ကြိုစဉ်းစားပြီး အစီအစဉ်တွေဆွဲနေကြလောက်ပြီ။ ဒါနဲ့ပတ်သက်လို့ အတွေ့အကြုံအရ အကြံဉာဏ်တချို့ပေးချင်ပါတယ်။


၁။ အခုမှ လမ်းကြောင်းတွေက အစပျိုးတာပါ။ ✔


ဆယ်တန်းမှာ ဂုဏ်ထူးတွေအများကြီးနဲ့ အောင်မြင်တာက ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် ဒါက ဂုဏ်ထူးတွေမပါဝင်ဘူးဆိုရင် မကောင်းနိုင်တော့ဘူးလို့ ဆိုလိုရာမရောက်ပါဘူး။ ဒီအချိန်မှာ ကိုယ်လုပ်နိုင်တာက ဘာမှမရှိတော့ဘူး။ ဂုဏ်ထူးထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေလက်ခံရတော့မယ်။ ဆယ်တန်းအောင်စာရင်းက လမ်းကြောင်းရဲ့အဆုံးမဟုတ်ပါဘူး။ အခုမှ စလုံးရေစတဲ့ လမ်းကြောင်းအစဖြစ်ပါတယ်။ ဂုဏ်ထူးတွေပါရင် ဝမ်းသာလိုက်ပါ။ မပါလို့လည်း ကိုယ့်ကိုကိုယ် အဖြစ်မရှိဘူးဆိုပြီး သိမ်ငယ်ဝမ်းနည်းနေစရာမလိုအပ်ပါဘူး။ ဂုဏ်ထူးတွေပါပါမပါပါ ကိုယ်က ကိုယ်ဆက်လျှောက်မယ့်လမ်းကြောင်းကို အကောင်းဆုံးဖြစ်အောင် ဆက်ပြီးကြိုးစားလျှောက်လှမ်းမယ်ဆိုရင် အောင်မြင်မှုက ရကိုရမှာပါ။ ဆယ်တန်းတုန်းက ဂုဏ်ထူးတွေမပါပေမယ့် လက်ရှိမှာ အောင်မြင်နေတဲ့သူတွေအများကြီးရှိတယ်။ သတိရသင့်တာက ဖြစ်ခဲ့ပြီးတာတွေအတွက် ကိုယ်ဘာမှလုပ်လို့မရတော့ဘူး။ ဆက်လုပ်နိုင်တာက ရှေ့လျှောက်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပါ။


၂။ ဆက်လက်သင်ယူနေပါ။ ✔


သင်ယူလေ့လာမှုကိုရပ်တန့်လိုက်ပြီဆိုရင် အဲဒီလူရဲ့ဘဝတိုးတက်မှုလမ်းကြောင်းကအဆုံးသတ်ပါတယ်။ ဆယ်တန်းပြီးသွားချိန်က သင်ယူလေ့လာမှုတွေအဆုံးသတ်ချိန်မဟုတ်ဘူး။ အခုမှ ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်ရာလမ်းကြောင်းတွေကိုဆက်သွားဖို့အတွက် အခွင့်အရေးအပြည့်အဝရတာပါ။ ဒီအချိန်မှာ ဆက်လက်သင်ယူနေပါ။ ကိုယ်ဝါသနာပါတဲ့ ကိုယ့်ဘဝအတွက်အရေးကြီးမယ့် သင်တန်းတွေတက်ပါ။ စာတွေဖတ်ပါ။ အင်္ဂလိပ်စာ လေ့လာပါ။ အခုဆို အွန်လိုင်းကနေ သင်ယူလေ့လာမှုတွေလည်းခေတ်စားနေပြီဆိုတော့ ပိုလွယ်ကူလာပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ဆက်လက်သင်ယူနေပါ။ သင်ယူလေ့လာမှုတွေကို အဆုံးမသတ်ပါနဲ့။ မရပ်တန့်လိုက်ပါနဲ့။


၃။ ဘယ်နေရာရောက်ရောက် သာမန်ဘဝနဲ့ မကျေနပ်နေပါနဲ့။ ✔

ဘယ်လိုအလုပ်အကိုင်မျိုးနဲ့ ဘယ်လိုလမ်းကြောင်းမျိုးကိုပဲရောက်ရောက် သာမန်အလယ်အလတ်အဖြစ်နဲ့ မကျေနပ်ပါနဲ့။ ကိုယ့်ရဲ့ ဖြစ်နိုင်တဲ့အလားအလာက ကိုယ်ထင်တာထက်ပိုမိုကြီးမားပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိပါ။ ကိုယ့်ရဲ့စွမ်းအားတွေကို အလဟဿအဖြစ်မခံပါနဲ့။ ဘယ်နေရာကိုရောက်ရောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်နေရင် ထိပ်ဆုံးကိုရောက်လာနိုင်ပါလိမ့်မယ်။ အောင်မြင်နိုင်ပါလိမ့်မယ


၄။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အားသာချက်တွေကိုသုံးသပ်ပါ။ ✔


ဘယ်လိုလမ်းကြောင်းမျိုးကိုရွေးချယ်ပြီး ရှေ့ဆက်မလဲဆိုတာကို ဆုံးဖြတ်ချက်မချရသေးခင်မှာ အရင်ဆုံးလုပ်သင့်တာက ကိုယ့်ကိုယ် ပြန်သုံးသပ်ဖို့ပါ။ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကဘာတွေလဲ။ ကိုယ့်ဆီမှာရှိတဲ့ အားသာချက်တွေက ဘာတွေလဲဆိုတာကို စဉ်းစားကြည့်ပါ။ သူငယ်ချင်းတွေထဲမှာဆိုရင် ကိုယ့်ဘာအားသာတတ်လဲ။ ကိုယ်ဘာတွေကျွမ်းကျင်တတ်လဲ။ ကိုယ့်ကိုယ်ဘယ်သူတွေက ဘာအတွက် အကူအညီတောင်းဖူးလဲ။ အဲဒါကိုစဉ်းစားကြည့်ရင် ကိုယ့်ရဲ့ အားသာချက်နဲ့ ကျွမ်းကျင်မှုတွေကို သိနိုင်ပါလိမ့်မယ်။ အလုပ်အကိုင်ရွေးချယ်တဲ့အခါ၊ ကိုယ်ဆက်သွားမယ့်လမ်းကြောင်းကို စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အားသာချက်တွေအပေါ်ဗဟိုပြုပြီး ရွေးချယ်ရင် အောင်မြင်မှာကျိန်းသေပါတယ်။



၅။ ကိုယ့်လမ်းကြောင်းရွေးချယ်မှုကို အကူအညီပေးနိုင်မယ့်သူတွေဆီက အကူအညီရယူပါ။ ✔


ဒီအချိန်မှာရှေ့ဆက်ရမယ့်လမ်းကြောင်းတွေနဲ့ပတ်သက်လို့ ဒွိဟဖြစ်စရာတွေ၊ စိတ်ရှုပ်ထွေးစရာတွေ အများကြီးဖြစ်လိမ့်မယ်။ ပုံမှန်ပဲမို့ မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့။ ဒီအချိန်မှာ အကောင်းဆုံးလုပ်နိုင်တာက ကိုယ့်ပညာရေးလမ်းကြောင်းအတွက် အကူအညီပေးနိုင်မယ့်သူတွေ၊ အကြံဉာဏ်ပေးနိုင်တဲ့အဖွဲ့အစည်းတွေ၊ သေချာဆွေးနွေးပြီး လမ်းကြောင်းပြသနိုင်မယ့် ဆရာ၊ဆရာမတွေနဲ့ တွေ့ပြီး အကြံဉာဏ်တွေရယူတာ၊ တိုင်ပင်တာက အကောင်းဆုံးပါ။ ကိုယ့်အတွက်လမ်းကြောင်းကို သေသေချာချာမြင်လာနိုင်ပါလိမ့်မယ်။

15 views0 comments
bottom of page